ဒါတော့ မဟုတ်ဘူး

အီဗန်သည် လီနင်ဝရက်မြို့မှ မော်စကိုသို့ ကားမောင်းပြန်လာသည် ။ လမ်းတွင် ဂျစ်ပစီမတစ်ဦး လက်ပြနေသည်ကို တွေ့ရသည် ။ ဂျစ်ပစီမများ စကားများလေ့ရှိသည်ကို သိသော်လည်း သနားသည်နှင့် ကားရပ်ကာ လမ်းကြုံအဖြစ် ခေါ်ခဲ့သည် ။ ကားပေါ်ရောက်သည်နှင့် ဂျစ်ပစီမက ပြောသည် ။
" ကျေးဇူးတင်တဲ့အနေနှင့် ရှင့်ကို ဗေဒင်ကြည့်ပေးမယ် "
" မကြည့်နှင့် ၊ အတိတ်ကအကြောင်းကို ငါသိပြီးသား ၊ အနာဂါတ်ကိုလည်း နောင်မှာ ငါသိရမှာပဲ "
" မကြည့်စေချင်ရင်လည်း မကြည့်ပါဘူးတော် ၊ ဒါပေမယ့် အမှန်တရား သုံးခုအကြောင်းတော့ ပြောပါရစေ "
တစ်ခုခုမပြောရရင် ဂျစ်ပစီမ နေမည်မဟုတ်ဟု သဘောပေါက်လိုက်သော အီဗန်သည်--
" ကိုင်း ပြောပြ " ဟု ခွင့်ပြုလိုက်သည် ။
" ပထမ အမှန်တရားက လမင်းဟာ အလင်းရောင်ကိုသာပေးတယ် ။ အနွေးဓာတ်ကို မပေးဘူးတဲ့ "
" အေး မှန်သားပဲ "
" ဒုတိယ အမှန်တရားက ဆိတ်ဆိုတဲ့အမျိုးဟာ ကိုယ့်မုတ်ဆိတ်ကို ဘယ်တော့မှ မရိတ်ဘူး "
" အေး ဒါလည်း မှန်သားပဲ "
" တတိယ အမှန်တရားကတော့ ရှင့်မိန်းမ မာရီယာ အိမ်ဘေးက လူပျိုကြီး နီကိုလှိုင်နဲ့ ဖောက်ပြန်နေသတဲ့ "
" ဟေ့ ဒါတော့မဖြစ်နိုင်ဘူး ၊ မယုံဘူးကွာ "
" ရှင့်သဘောပဲလေ ၊ ယုံချင်ယုံ မယုံချင်နေ ။ ကျမကတော့ ကျမမြင်တာကိုပြောတာ "
အီဗန် အိမ်သို့ပြန်ရောက်လာသည် ။ ဇနီးသည် မာရီယာက ကြိုဆိုပြီး နေ့လည်စာ စားရန်
ပြင်ပေးသည် ။ ထမင်းဝိုင်းတွင် ဝိုင်အရက်သောက်ရန် ငှဲ့ပေးသည် ။ အီဗန်သည် လမ်းတွင်တွေ့ခဲ့သော ဂျစ်ပစီမ အကြောင်းကို ပြောပြသည် ။ ပထမအမှန်တရားကိုပြောပြသောအခါ မာရီယာက မှန်တယ်ဟု ထောက်ခံသည် ။ ဒုတိယအမှန်တရားကို ပြောပြသောအခါ မှန်ကြောင်း ထောက်ခံပြန်သည် ။
" တတိယအမှန်တရားကိုတော့ မင်းကိုငါ မပြောတော့ဘူးကွာ "
" ပြောလက်စနဲ့ ဆက်သာပြောပါတော် ၊ လူကို ဆန်တငင်ငင်နဲ့ မထားနဲ့ " ဟု မာရီယာက တောင်းပန်သည် ။ သို့ဖြင့် အီဗန်က ဆက်ပြောသည်
" တတိယာ အမှန်တရားကတော့ ဒို့အိမ်နီးချင်း လူပျိုကြီး နီကိုလှိုင်ရဲ့ " " ဟာ ... သေးသေးလေးဆိုပဲ ကွ "
" အဲ့ဒါတော့ ရှင့် ဂျစ်ပစီမ မှားပြီရှင့်... "

0 comments: