ခြင်ပေးသောဒုက္ခ

ပင်လယ်ပြင်အတွေ့အကြုံမရှိသေးသော ပင်လယ်ဓါးမြအသစ်နှင့် ဝါရင့်ပင်လယ်ဓါးမြကြီးတို့ အရက်ဘားတစ်ခုအတွင်း အတူအရက်သောက်နေကြသည်။ ပင်လယ်ဓါးမြကြီးမှာ ခြေတစ်ဖက်ပြတ်နေသောကြောင့် သစ်သားခြေထောက်တပ်ထားသည်။ လက်ကောက်ဝတ်နေရာမှစ၍ ပြတ်နေသောလက်တစ်ဖက်တွင်လည်း သံချိတ်ကောက်ကြီးကို တပ်ထားသေးသည်။ ကြိုးဖြင့်သိုင်းထားသောသားရေပတ်ဖြင့်လည်း လပ်နေသောမျက်လုံးတစ်ဖက်ကိုကာထားသည်။
ရေချိန်ရလာပြီဖြစ်သဖြင့် ဓါးမြအသစ်က အရဲစွန့်ပြီးမေးသည်။
“ ခင်ဗျားခြေထောက်ကို ဘယ်လိုဆုံးရှုံးခဲ့ရတာလဲတုန်းဗျ ”
“ Caribbian တိုက်ပွဲတွေဝင်နွှဲတုန်းက ရခဲ့တဲ့ဒါဏ်ရာပေါ့ကွာ…”
“ ဒါဆို.. ခင်ဗျားလက်ကလည်း Caribbian တိုက်ပွဲတွေတုန်းက ရခဲ့တာပဲပေါ့၊ ဟုတ်လား..”
“ မဟုတ်ဘူး.. ဒါက Persian ပင်လယ်ကွေ့မှာ ငါးမန်းတစ်ကောင်နဲ့သတ်ခဲ့တုန်းကရခဲ့တာ ”
“ ခင်ဗျားမျက်လုံးကရော ”
“ ကျုပ်သောင်ပြင်မှာအိပ်နေတုန်း ခြင်တစ်ကောင်လာကိုက်လို့ ”
“ နေပါဦး…ခြင်ကခင်ဗျားမျက်လုံးကျွတ်သွားအောင်ကိုက်နိုင်ပါ့မလား။ ”
“ အဲဒီနေ့က ငါ့လက်မှာသံချိတ်တပ်ပြီးတဲ့နောက်နေ့ကွ။ ”

0 comments: