ခက်ပြီးရင်းခက်

တစ်ခါက ရွာတစ်ရွာတွင် မဂျမ်းဘုံနှင့်ကိုငှက်ရိုးတို့ လင်မယားနှစ်ယောက် ရှိကြ၏။
ကိုငှက်ရိုးသည် မျက်စိကြောင်တောင်ကန်း ဖြစ်သော်လည်း အခြားသူများ မသိအောင် ဟန်ဆောင်နေလေ့ရှိ ၏။
တစ်နေ့သော် ကိုငှက်ရိုးတို့အိမ်နှင့်လေးငါးအိမ်ကျော်တွင် မီးလောင်လေရာ မဂျမ်းဘုံမှာ ကိုငှက်ရိုးကို သတိ မေ့ပြီး ရရာပစ္စည်းဆွဲ၍ ဆင်းပြေးလေတော့၏။
အိမ်အောက်ရောက်မှ သတိရ၍ ကိုငှက်ရိုးအား-
"ကိုငှက်ရိုး၊ ဆင်းတော့လေ မီးတွေ သိပ်ကြီးလာပြီ၊ ရှင်က ဟိုစမ်းစမ်း ဒီစမ်းစမ်းနဲ့ ဘာလုပ်နေတာလဲ"ဟု အော်ခေါ်၏။
ကိုငှက်ရိုးမှာ အပြင်ထွက်ရန် တံခါးပေါက်ရှာနေသည် ဖြစ်သော်လည်း မဂျမ်းဘုံအား-
"ဟ-အတွင်းပစ္စည်းလေးတွေ ရှာနေတာပါ၊ ရှင်မ ပြေးနှင့်"ဟုပြောလိုက်သဖြင့် မဂျမ်းဘုံမှာ တစ်ကယ်ပင် ထင်မှတ်၍ မီးလွတ်ရာ ပြေးလေ၏။
ကိုငှက်ရိုးမှာ ကံအားလျော်စွာ တံခါးပေါက်ကို တွေ့ပြီး ခြေဦးတည့်ရာ စွတ်ပြေးရာ ရေတွင်းပျက်တစ်ခုထဲ လိမ့်ကျလေတော့၏။
မီးငြိမ်းလေသော် မဂျမ်းဘုံမှာ ကိုငှက်ရိုးအား လိုက်ရှာရာ ရေတွင်းပျက်ထဲ၌ တွေ့၍-
"ကိုငှက်ရိုး၊ ရှင်ဒီမှာ ဘာလုပ်နေတာလဲ"ဟုမေးရာ-
"ရှင်မနှယ်၊ ခက်လိုက်တာ။ မီးဟပ်တာပူလို့ ရေစိမ်နေတာပ"ဟုပြန်လည်ချေပ၏။
ထို့နောက် မဂျမ်းဘုံက လှေကားတစ်ခုဖြင့် ကိုငှက်ရိုးအား ရေတွင်းမှတက်စေ၏။
လှေကားမှာ ရေတွင်းပျက်နှုတ်ခမ်းထက် အနည်းငယ် လွန်၍နေ၏။
ကိုငှက်ရိုးမှာလည်း လှေကားအတိုင်း လွန်၍ အပေါ်သို့တက်လေ၏။
ထိုအခါ မဂျမ်းဘုံက-
"ကိုငှက်ရိုး၊ ဘယ့်နှယ် လှေကားထိပ်အထိ တက်နေရတာလဲ"
"ရှင်မနှယ်၊ ခက်ပြီးရင်း ခက်နေပါပြီ။ မီးများလို့ အရီးသာရင်တို့အိမ်လေးများ ပါသွားလားလို့ တက်ကြည့်နေ တာပါကွာ"ဟုပြန်ဖြေသောဟူ၏။

0 comments: