မဖြစ်နိုင်တာချင်းအတူတူ

တစ်ခါတုန်းက ဘုန်းတော်ကြီးတစ်ပါးသည် ရွာတစ်ရွာမှ ဆွမ်းစားပင့်သဖြင့် နောက်ပါကျောင်းသားတစ် ယောက်နှင့်အတူ ကြွသွားလေသည်။
ရွာသည် အနည်းငယ် ဝေးသဖြင့် ကွင်းပြင်ကြီးတစ်ခုကို ဖြတ်၍ သွားရလေသည်။
ကွင်းပြင်ကြီးအလယ်သို့ ရောက်သောအခါ ဘုန်းတော်ကြီးက သူ့တပည့်အား-
"ဟဲ့-ပွကြီး၊ ဒီလိုကွင်းပြင်ကြီးထဲမှာ ခုနေ ဆင်နဲ့တွေ့ရင် ဘယ့်နှယ်လုပ်မလဲ"ဟုမေးလေရာ တပည့် ကျောင်းသားက-
"တင့်ပါဘုရား၊ သစ်ပင်ပေါ် တက်ပြေးရမှာပေါ့ဘုရား"ဟု လျှောက်ထားလေသည်။
ထိုအခါ ဘုန်းတော်ကြီးက ဒေါသထွက်လာပြီး-
"ဟဲ့၊ ပွကြီး သောက်ရမ်းမပြောနဲ့၊ ဘယ်မလဲ နင့်သစ်ပင်"ပြောပြန်လေရာ ပွကြီးကလည်း မခံချင်စိတ်နှင့်-
"တပည့်တော် သစ်ပင်မရှိတာကိုတော့ ကိုယ်တော်က မေးတယ်၊ ကိုယ်တော့် ဆင်ကကော ဘယ်မလဲ ဘုရား။ ဆင်နဲ့တူတာ ကျွဲချေးပိုးတောင် မရှိပါလားဘုရာ့"ဟု ပြန်၍ လျှောက်ထားလိုက်မှ ဘုန်းတော်ကြီးမှာ ငြိမ်ကျသွားလေသည်။

0 comments: