ပတ်မကြီးတီးရင် ကြောက်တယ်

တစ်ခါက ရွာတစ်ရွာတွင် ဇာတ်ပွဲအလွန်ကြိုက်သော မိန်းမကြီးတစ်ဦးရှိလေသည်။ တစ်ရက် ရွာတွင်ဇာတ်ပွဲရှိ၍ သွားကြည့်ရန်အဖေါ်မရှိသဖြင့် တူဖြစ်သူကလေးငယ်ကိုခေါ်ပြီး ဇာတ်ပွဲသွားကြည့်လေသည်။ ဇာတ်ပွဲကြည့်နေစဉ် ထိုမိန်းမကြီးမှာ အရမ်းလေလည်ချင်၍ မည်သို့လေလည်ရမည်ကို အကြံထုတ်လျှက်၊ ဆိုင်းဝိုင်းမှ ပတ်မကြီးတီးမှ ရောပြီးလေလည်လိုက်သည်။(ပတ်မအသံနှင့်ရောလိုက်တော့ လေလည်သံပျောက်)

နောက်တကြိမ် လေလည်ချင်တိုင်း ပတ်မကြီးအတီးကို စောင့်ပြီးလေလည်လိုက်သည်။ဤသို့ဖြင့် ဇာတ်ပွဲပြီး၍အိမ်ပြန်ကြသည်။

နောက်တစ်ရက်ဇာတ်ပွဲကြည့်ရန် အဖေါ်မရှိသဖြင့် တူဖြစ်သူကလေးငယ်ကိုခေါ်လေရာ ကလေးငယ်က ဤသို့ပြန်ပြောလေသတည်း။

'' တော်ပြီ တော်ပြီ နောက်ဆိုရင် ဒီဇာတ်ပွဲဘယ်တော့မှမကြည့်တော့ဘူး၊ ဆိုင်းဝိုင်းကပတ်မကြီးတီးရင် အီးစော်နံတယ်''။

0 comments: